မေလ (၂၀)ရက်။
ချင်းပြည်နယ်(မြောက်ပိုင်း)ရှိ တွန်းဇံမြို့နဲ့ ကျီခါးမြို့ကို ချင်းကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီလို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ မနေ့က အတည်ပြုပြောဆိုထားချက်အရ သိရပါတယ်။
“ တွန်းဇံမြို့ထဲမှာ ခလရ(၂၆၉)တပ်ကုန်းပဲရှိတယ်၊ နောက်ပြီး ရဲစခန်းနဲ့ မြို့ထဲနေရာ (၂)နေရာလောက်မှာ နေရာယူထားတာ၊ အခုက တပ်ကုန်းရော ရဲစခန်းရော သိမ်းနိုင်ခဲ့ပြီ” လို့ CNF ပြောခွင့်ရ ဆလိုင်းထက်နီက ဆိုပါတယ်။
အခုအခါ တွန်းဇံမြို့ထဲ နယ်မြေရှင်းလင်းရေးလုပ်ချိန် စစ်ကောင်စီဘက်က ပစ်ခတ်တာတွေရှိနေသေးပြီး စစ်ကောင်စီ ကင်းစင်တာမျိုးမဟုတ်သေးဘဲ အခြေစိုက်စခန်းတွေကိုတော့ သိမ်းဆည်းရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
မနေ့က တွန်းဇံမြို့တိုက်ပွဲထဲ စစ်ကောင်စီဘက်က လေကြောင်းကနေ (၁၀)ကြိမ်အထိ ပစ်ကူပေးခဲ့ကာ (၄)ရက်တာတိုက်ပွဲထဲ လေကြောင်းတိုက်ခိုက်တဲ့ အကြိမ်ရေ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
တွန်းဇံမြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးဟာ မေလ (၁၆)ရက်နေ့မှာ ချင်းပြည်နယ်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ဆောင်တဲ့ ပထမဆုံးစစ်ဆင်ရေးဖြစ်ပြီး အဲ့ဒီတိုက်ပွဲထဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ (၁၄)ဖွဲ့ပါဝင်တာပါ။
ဒါ့ပြင် ကျီခါးမြို့က စစ်ကောင်စီတပ်စခန်းတွေကို မနေ့က နံနက်ပိုင်းအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က ကြိုတင်ဆုတ်ခွာသွားတာကြောင့် ပစ်ခတ်တာတွေမရှိခဲ့ဘဲ ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။