ဇူလိုင်လ (၂၀)ရက်။
မနေ့က အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Budalin Mobile Team(BMT)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်စွဲထားတဲ့ ဒီပဲယင်းမြို့ပေါ်က ရဲစခန်း၊ ထွေ/အုပ်ရုံးနဲ့ အထက်တန်းကျောင်းတို့ကို မဟာမိတ် PDF ပူးပေါင်းတပ်ဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ၈၀မမ၊ ၆၀မမ၊ ၄၀မမနဲ့ RPG အပါအ၀င် လက်နက်ငယ်တွေနဲ့ အနီးကပ်တိုက်ခိုက်ခဲ့ကာ တစ်ဦးသေဆုံးပြီး (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်စခန်းတွေကို နံနက် (၁၀)နာရီခန့်ကနေ (၁၁)နာရီခွဲအထိ တစ်နာရီခွဲကြာ ဆက်တိုက်တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်တွေဘက်က ပြန်မပစ်ခတ်ခဲ့တာကြောင့် ပူးပေါင်းတပ်ဖွဲ့တွေ ဘေးကင်းစွာ တပ်ပြန်ဆုတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တပ်ပြန်ဆုတ်ခဲ့ပြီးနောက် တစ်နာရီလောက်အကြာမှသာ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အနီး၀န်းကျင်ကို ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခဲ့တာကို Budalin Mobile Team(BMT)(ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း)၊ Depeyin Local Mobile Team(DLMT)နဲ့ ရေကျော်ပိတုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။