အောက်တိုဘာလ (၂၀)ရက်။
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရတာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးပျက်ပြားစေမယ့် အကြမ်းဖက်လုပ်ရပ်တွေ၊ သံတမန်ဆိုင်ရာ အဆောက်အအုံ တိုက်ခိုက်တာကို ကန့်ကွက်ရှုံ့ချတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီလိုဖြစ်ရပ်ကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခ ဖြစ်ပွားမှာကို အထူးစိုးရိမ်မိကာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမယ့် ဘယ်လိုလုပ်ရပ်တွေကိုမဆို အမြဲ ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။
NUG အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် သဘောထားကြေညာချက်ကို ထုတ်ပြန်ထားသလို တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ကာ ထုတ်ပြန်ထားတဲ့ မူဝါဒသဘောထားတွေအတိုင်း ဆက်လက်ရပ်တည်သွားမယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အမျိုးသားရေးလှုပ်ရှားမှု အမည်ခံပြီး တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ၊ ဆန့်ကျင်လှုပ်ရှားတာတွေ ဆောင်ရွက်နေသလို တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့တဲ့ လက်သည်တရားခံဖြစ်တယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် သဘောထားမတူကွဲပြားတာတွေ ရှိခဲ့ရင်လဲ သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းနဲ့သာ ဆောင်ရွက်မှာဖြစ်တယ်လို့ NUG က ပြောဆိုထားပါတယ်။
ချစ်ကြည်ရေး၊ ကောင်းမွန်တဲ့ဆက်ဆံရေး၊ ပြည်သူ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကိုသာ အစဥ်တစိုက်ဦးတည်သွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ပုံရိပ်ကို ထိခိုက်စေမယ့် ကိစ္စရပ်တွေနဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်ပွားစေမယ့် ကိစ္စရပ်တွေကို ကန့်ကွက်ရှုံ့ချတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။