အောက်တိုဘာလ (၂၀)ရက်။
ဒီကနေ့ကစပြီး ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်းကို စစ်ကောင်စီက (၅)ရက်ကြာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပင်လယ်ပြင်လေ့ကျင့်ခန်းကို အောက်တိုဘာလ (၂၀)ရက်နေ့ကစပြီး (၂၄)ရက်နေ့အထိ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်မှာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်းထဲ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းတွေနဲ့ လက်တွေ့ပစ်ခတ်တာတွေ ဆောင်ရွက်သွားမှာလို့ ဖော်ပြထားပါတယ်။
လေ့ကျင့်ခန်းဆောင်ရွက်နေတဲ့အချိန် ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် အဲ့ဒီဧရိယာကနေ (၅)မိုင်ပတ်လည်ကို သင်္ဘောကြီး/ငယ်တွေ၊ ကုန်တင်/စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေနဲ့ စက်တပ်သမ္ဗန်တွေ ဖြတ်သန်းသွားလာတာ မလုပ်ဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် ငါးဖမ်းတာ၊ ငါးဖမ်းကိရိယာတွေ ချထားတာ မရှိစေဖို့နဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေ အမြင့်ပေ (၁၅၀၀၀)အောက် ဖြတ်ကျော်ပျံသန်းတာမပြုကြဖို့ စစ်ကောင်စီက အသိပေးထားပါသေးတယ်။
မြန်မာနိုင်ငံဟာ ပင်လယ်ကမ်းရိုးတန်း ရေမိုင် (၁၃၀၀)ဝန်းကျင်ရှိပြီး ရေပြင်နယ်နိမိတ် စတုရန်း ရေမိုင် (၁၄၀၀၀၀)ကျော်ရှိကာ ကမ်းခြေစောင့်တပ်ဖွဲ့ကို အင်အားတိုးချဲ့သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂ခုနှစ်ကလဲ စစ်ကောင်စီတပ်ဟာ ကပ္ပလီပင်လယ်ပြင်မှာ တရုတ်နဲ့ ရုရှားက ရေတပ်တွေနဲ့ စစ်ရေးလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့သေးတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။