အောက်တိုဘာလ (၂၀)ရက်။
ဒီကနေ့ ညနေ (၄)နာရီကျော်အချိန်က ရေဦးမြို့နယ်အနောက်ဘက်ခြမ်းရှိ စည်သာမြေရွာနဲ့ မဲအိုးရွာကြားကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၂)ကြိမ် ကြဲချခဲ့တယ်လို့ People’s Defense Comrade ထံက သိရပါတယ်။
“ ရေဦးအနောက်ဘက်ခြမ်း စည်သာမြေရွာနဲ့ မဲအိုးရွာကြားမှာ ကထိန်ပွဲကျင်းပနေတဲ့ အနီးဆုံးနေရာကို စစ်ကောင်စီက မိတ္ထီလာ ရှမ်းတဲတပ်ကနေ MiG-29 ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်သွားတာ” လို့ ဆိုပါတယ်။
စစ်ရှုံးစစ်ကောင်စီဟာ ကထိန်ပွဲကျင်းပနေတဲ့ ကျေးရွာနဲ့ အနီးဆုံးနေရာကို ဂျက်ဖိုက်တာနဲ့ ဗုံး (၂)ကြိမ် ကြဲချခဲ့ကာ ရွာ (၂)ရွာကြား ကျရောက်ပေါက်ကွဲခဲ့ပြီး ချောင်းကူးတံတား ပျက်စီးခဲ့ပေမယ့် လူထိခိုက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။
“ ကထိန်ပွဲတွေ၊ ဆွမ်းလောင်းပွဲတွေ၊ ခြင်းခတ်ပွဲတွေ အထူးသတိရှိပေးကြပါခင်ဗျာ၊ ပြည်သူတွေ အကြောင်းမဲ့ ထိခိုက်တာမရှိရအောင် အကြိမ်ကြိမ်တင်ပြ လှုံ့ဆော်သတိပေးနေပါတယ်၊ ပျော်ပွဲရွှင်ပွဲကိုသာ အာရုံစိုက်မနေကြပါနဲ့၊ မိမိတို့ရဲ့ အနီးဘေးပတ်ဝန်းကျင်မှာ ဘယ်လိုကောင်တွေရှိနေတယ် ဘယ်လိုကောင်တွေ လှုပ်ရှားနေကြတယ်ဆိုတာ သတိပြုပါ” လို့ PDC ရဲ့ ထူးခန့်ဇော်(အမေ့သား)က ဆက်ပြောပါတယ်။
အခုလိုအချိန်မျိုးမှာ ဘယ်လိုစုဝေးနေထိုင်တာမျိုးကိုမှ လုံးဝမပြုလုပ်သင့်ဘဲ စစ်ကောင်စီရဲ့ သတင်းပေးဒလန်တွေဟာ နေရာအနှံ့မှာ အတွင်းသတင်းရယူပြီး လေကြောင်းတိုက်ခိုက်ဖို့ သတင်းပေးပို့နေတာလို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ဒီကနေ့လိုဖြစ်စဉ်ကို သင်ခန်းစာနမူနာယူကာ ကျေးရွာနေပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့ကိုလဲ People’s Defense Comrade ရဲ့ တာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က အသိပေးပြောဆိုထားတယ်လို့ သိရပါတယ်။