နိုဝင်ဘာလ (၂၀)ရက်။
ဒီကနေ့မှာကျရောက်တဲ့ သခင်ဘဟိန်း ကျဆုံးတာ (၇၈)နှစ်ပြည့်တဲ့နေ့ မန္တလေးရှိ အာဇာနည်ဗိမာန်မှာ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လူထုလှုပ်ရှားမှုကို စစ်ကောင်စီတပ်တွေ အမြဲ သောင်းကျန်းမင်းမူနေတဲ့နေရာဖြစ်တဲ့ အာဇာနည်ဗိမာန်ထဲက သခင်ဘဟိန်းရဲ့ အထိမ်းအမှတ် ကျောက်စာတိုင်ရှေ့မှာ ဂုဏ်ပြုဦးညွတ်တာနဲ့အတူ ပြုလုပ်ခဲ့တာပါ။
“ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ်” ဆိုတဲ့စကားကို ပြောကြားခဲ့တဲ့ သခင်ဘဟိန်းဟာ ကျောင်းသားခေါင်းဆောင်နဲ့ လွတ်လပ်ရေးခေါင်းဆောင်ဖြစ်ကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အယုံကြည်ဆုံး လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ရဲဘော်တစ်ဦးဖြစ်ပါတယ်။
နောက်ပြီး “ မကျေနပ်သော အချက်အလက်များ လုံလောက်စွာရှိပါက သပိတ်မှောက်ခွင့်ကိုပါ မွေးရာပါအခွင့်အရေးကဲ့သို့ မှတ်ယူရမယ်” လို့ ရဲဘော် သခင်ဘဟိန်းက ပြောခဲ့ဖူးကာ သခင်ဘဟိန်း စိတ်ဓာတ်၊ သခင်ဘဟိန်း စကားအတိုင်းပဲ ဖက်ဆစ်အာဏာရူးကို “ ငုံ့မခံဘဲ” နည်းလမ်းအစုံအလင်နဲ့ “ တုံ့ပြန်” တိုက်ပွဲဝင်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် “ ကိုယ်တို့ရဲ့ အဓိကတာဝန်ဟာ တိုင်းပြည်ရဲ့မိဘဖြစ်တဲ့ လူထုရဲ့အကျိုးကို အမြဲတမ်း စောင့်သိရိုသေရမယ်။ အချိန်ရှိသရွေ့ ပြည်သူလူထုအကျိုးရှိစေဖို့ကို စဉ်းစားတွေးခေါ်ရမယ်။ လုပ်သမျှလုပ်ငန်းတိုင်းဟာ ပြည်သူလူထုအတွက်သာ ဖြစ်စေရမယ်။ ပြည်သူလူထုကလွဲလို့ ကိုယ်တို့မှာ ကြည့်စရာ မြင်စရာ ဘာမှမရှိဘူး” လို့ ပြောခဲ့တဲ့ ရဲဘော် သခင်ဘဟိန်းကို အခုလှုပ်ရှားမှုနဲ့အတူ အလေးနက်ဆုံး ဦးညွှတ်တယ်လို့ ဖော်ပြထားချက်အရ သိရပါတယ်။