ဇူလိုင်လ (၂၁)ရက်။
မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဇရပ်ကြီးကျေးရွာအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြား (၄)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ (၁၄)ရက်နေ့ကစပြီး (၁၈)ရက်နေ့အထိ အနီးကပ်ထိတွေ့တိုက်ပွဲ (၃)ကြိမ်အပါအ၀င် ဒရုန်းစစ်ဆင်ရေးအနေနဲ့ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်သား (၃၀)ကျော် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာအများအပြား ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဇူလိုင်လ (၁၈)ရက်နေ့ နံနက်ပိုင်းမှာတော့ စစ်ကောင်စီထံကနေ G3 တစ်လက် သိမ်းဆည်းရမိခဲ့ပြီး နေ့လယ် (၂)နာရီအချိန်မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ Myingyan Black Tiger(MBT) မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းနဲ့အတူ အမှတ်(၃)တပ်ရင်း၊ အမှတ်(၄)တပ်ရင်း၊ အမှတ်(၈)တပ်ရင်း၊ မြင်းခြံခရိုင်ဒရုန်းတပ်ရင်း(MDDS)၊ တောင်သာမြို့နယ်-ပကဖ၊ နေပြည်တော် (၈၀၁)တပ်ရင်း၊ မိတ္ထီလာပကဖ၊ တောင်သာပလဖ၊ မလှိုင် ပကဖနဲ့ နွားထိုးကြီး ပကဖ တို့က ပူးပေါင်းတိုက်ပွဲ၀င်ခဲ့တာလို့ သိရပါတယ်။