ဇူလိုင်လ (၂၁)ရက်။
ဒီကနေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန်မြို့၊ အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တာတွေပြုလုပ်ခဲ့တယ်လို့ PPNM ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ဒိုက်ဦးထောင်နဲ့ သာယာ၀တီထောင်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ခံရတဲ့အကြောင်းအရင်းကိုတော့ ပြောဆိုထားတာမရှိသေးပါဘူး။
ထောင်ပြောင်းရွှေ့ရာမှာ ဒိုက်ဦးထောင်ကို နိုင်ငံရေးအကျဉ်းသား အများဆုံးပြောင်းရွှေ့ခံခဲ့ရပြီး အမျိုးသား (၂၀၀)ဦးနဲ့ အမျိုးသမီး (၆၀)ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ ဒီကနေ့ မနက်ခင်းအစောပိုင်းမှာ အင်းစိန်ထောင်က နိုင်ကျဉ်းတွေကို သာယာ၀တီထောင်နဲ့ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့လိုက်ပြီဆိုတာကို အတည်ပြုနိုင်ပါတယ်၊ အမျိုးသမီးနိုင်ကျဉ်း အများစုပါ၀င်တယ်” လို့ နိုင်/ကျဉ်းတွေကို ကူညီပေးနေတဲ့အဖွဲ့တဖွဲ့က ဆိုပါတယ်။
ထောင်ပြောင်းရွှေ့ခံရတဲ့အထဲ နိုင်ငံရေးအကျဉ်းသူတွေ အများဆုံးပါ၀င်တယ်လို့ သိရပြီး သာယာ၀တီထောင်ကို ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသားအရေအတွက်ကိုတော့ စုံစမ်းနေတယ်လို့ PPNM က ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို မကြာခဏ ထောင်ပြောင်းရွှေ့တာတွေ ရှိခဲ့ပြီး ဇွန်လကလဲ ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ဒိုက်ဦးထောင်နဲ့ သာယာ၀တီထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။