စက်တင်ဘာလ (၂၁)ရက်။
မနေ့က နံနက် (၉)နာရီကျော်အချိန်က တောင်ဒဂုံမြို့ရှိ စစ်ကောင်စီလက်အောက်ခံ (၁၀၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးအင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြည်သူကို နှိပ်စက်ဖိနှိပ်ပြီး အဓမ္မငွေကြေးတွေတောင်းခံကာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နိုင်ဖို့ အထောက်အပံ့ဖြစ်တာကြောင့် တောင်ဒဂုံမြို့ရှိ (၁၀၇)ရပ်ကွက်ရုံးကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စီးနင်းတိုက်ခိုက်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ကြည်ထွန်းနဲ့ ရာအိမ်မှူး ဆွေမြင့်အောင်တို့ သေဆုံးခဲ့ပြီး ရုံးအကူ မျိုးမြင့်ထွန်း(ခ)သားကြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Anonymous Force(ရန်ကုန်စစ်ဒေသခွဲ-PRF)က “ Cheetah Operation” ထဲက တစ်ခုအနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးထဲ တော်လှန်ရေးအဖွဲ့၀င်တွေအနေနဲ့ တစ်စုံတစ်ရာ ထိခိုက်ခဲ့တာမရှိခဲ့ဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
(၁၀၇)ရပ်ကွက် ငုဝါမြိုင်လမ်းမပေါ်ရှိ အုပ်ချုပ်ရေးမှူးရုံး၀င်းထဲကို လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။