အောက်တိုဘာလ (၂၁)ရက်။
ရုရှားရေတပ်ဟာ စစ်ကောင်စီနဲ့ ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်းဆောင်ရွက်ဖို့ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒုတိယအကြိမ်အနေနဲ့ စစ်ကောင်စီနဲ့ ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားရေတပ် Russia Pacific Fleet က စစ်ရေယာဉ် (၄)စင်း ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။
ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ ရုရှားစစ်ရေယာဉ် (၄)စင်းဟာ ကော်ဗက်စစ်ရေယာဉ်တွေဖြစ်တဲ့ စစ်ရေယာဉ် Gromky၊ စစ်ရေယာဉ် Rezky၊ စစ်ရေယာဉ် Tsydenzhapov နဲ့ ထောက်ပံ့ရေးရေယာဉ် Pechenga တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရုရှားရေတပ်စစ်ရေယာဉ်တွေကို အဖွဲ့ခေါင်းဆောင်အနေနဲ့ Russia Pacific Fleet က Captain 1st Rank Antsiferov Alexey Vitalievich ဦးစီးတဲ့ အရာရှိ၊ စစ်သည်တွေ လိုက်ပါခဲ့ကြတယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီဟာ အောက်တိုဘာလ (၂၀)ရက်နေ့ကစပြီး (၂၄)ရက်နေ့အထိ ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်းကို ကပ္ပလီပင်လယ်ပင်မြောက်ပိုင်းမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်းမှာ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းတွေနဲ့ လက်တွေ့ပစ်ခတ်တာတွေ ဆောင်ရွက်သွားမှာဖြစ်ပြီး စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းဆိုင်ရာ သတိပေးထားတယ်လို့ သိရပါတယ်။