ဇွန်လ (၂၂)ရက်။
မနေ့ကလနံနက် (၆)နာရီအချိန်က ရေစကြိုမြို့မှာ စစ်ကောင်စီရဲ့ သင်္ဘောနှစ်စီးကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်သင်္ဘောနှစ်စီးဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း အောက်ကနေ အထက်ကို ဆန်တက်လာပြီး ဆင်ဖြူရှင်တံတားအကျော်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်သင်္ဘောနှစ်စီး တိုက်ခိုက်ခံရပြီးနောက် မိနစ် (၂၀)ကျော်ကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်သင်္ဘောဟာ မြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာကိုတော့ စုံစမ်းနေတယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ပခုက္ကူခရိုင် တပ်ရင်းအမှတ်(၉)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။