ဇူလိုင်လ (၂၂)ရက်။
မနေ့က နေ့လယ် (၁)နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Natogyi PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်က အင်အား (၅၀)ခန့်ပါတဲ့ စစ်ကားနှစ်စီးနဲ့ မိတ္ထီလာကနေ မန္တလေးဘက်ကို စစ်ကူပို့တဲ့အချိန်မှာ စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီကားတစ်စီးဟာ နေရာမှာပဲ ထိုးရပ်သွားခဲ့ပြီး ပျက်စီးသွားခဲ့သလို စစ်ကောင်စီတပ်ဖွဲ့၀င် (၅)ဦး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မိတ္ထီလာကနေ မန္တလေးကို စစ်ကူလာတဲ့ စစ်အင်အား (၅၀)ခန့်ပါ စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ စခ (၅)ဦး ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒဏ်ရာရတဲ့ စခတွေရဲ့ ခေါင်းထဲ မိုင်းစ၀င်ထားလို့ သေဆုံးဖို့များနေတယ်” လို့ နေပြည်တော်သတင်းအရင်းအမြစ်ကို ကိုးကားပြီး ပြောဆိုထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဘက်က အမြန်လမ်းကို ပိတ်ခဲ့တာတွေရှိပြီး မိနစ်ပိုင်းထဲ ပြန်ဖွင့်ခဲ့ကာ အပြန်အလှန်ပစ်ခတ်တာတွေ မရှိခဲ့ဘူးလို့ Natogyi PDF က ထုတ်ပြန်ထားပါတယ်။
မတ္တရာမြို့ထဲက တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဟာ မန္တလေးနဲ့ မတ္တရာမြို့နယ်ဘက်ကို စစ်ကူအင်အားတွေ ပို့လွှတ်နေတာလို့ သိရပါတယ်။