မေလ (၂၃)။
ဒီကနေ့ မနက် ၅ နာရီဝန်းကျင်မှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့အထွက် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် ရှိ မစောတံတား မိုင်းဖောက်ခွဲခံရပြီး တံတားတခြမ်း ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီတံတားဟာ ဘီးလင်းမြို့နယ် တောင်ကလေးရွာအထွက်မှာ တည်ရှိပြီး တံတားမိုင်းခွဲခံရတဲ့အချိန် တံတားပေါ်ဖြတ်သန်းနေတဲ့ မော်တော်ဆိုင်ကယ်သုံးစီးမှာ တံတားအောက်ကို ထိုးကျသွားတယ်လို့ သိရပါတယ်။
တစ်ယောက် သေဆုံးသွားပြီး သုံးယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ အားလုံးကို ဘီးလင်းဆေးရုံကို ပို့လိုက်တယ်လို့ သိရှိရပါတယ်။
ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး။ အများပြည်သူ သွားလာနေတဲ့လမ်းတွေကို အခုလို လုပ်တာတော့ မသင့်တော်ပါဘူး။ မဆိုင်တဲ့ အရပ်သားခရီးသွားပြည်သူတွေ သေဆုံးဒဏ်ရာရတာမျိုး မဖြစ်သင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီလ ၁၁ ရက်နေ့ကလည်း ဘီးလင်းမြို့က ကျုံအိတ်တံတား မိုင်းခွဲခံရပြီး ပျက်စီးသွားခဲ့ပါသေးတယ်။