ဇူလိုင်လ (၂၃)ရက်။
စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကြိုးပေးကွပ်မျက်ခဲ့တာကို အမှတ်အသားပြုလုပ်ထားတယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အာဏာရှင်အဖွဲ့အစည်းက ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်အပါအ၀င် (၄)ဦးကို ကွပ်မျက်ခံခဲ့ရတဲ့ ဒီကနေ့ ဇူလိုင်လ (၂၃)ရက် (၂)နှစ်ပြည့်အနေနဲ့ အမှတ်အသားပြုလုပ်ထားတာလို့ ဆိုပါတယ်။
အာဏာရှင်အဖွဲ့အစည်းကြောင့် ကျဆုံးခဲ့သူတွေအတွက် ဂုဏ်ပြုထားတဲ့ အထိမ်းအမှတ်နေရာမှာ ဒီကနေ့အထိ (၅၄၀၀)နီးပါးကို ထားရှိခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့အချိန်ကစပြီး တဟုန်ထိုးမြင့်တက်လာတဲ့ မြန်မာနိုင်ငံထဲက ပဋိပက္ခမှာ အသက်ဆုံးရှုံးခဲ့ရသူတွေ အားလုံးအတွက် ပူဆွေးသောကရောက်ရတယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ၂၀၂၁ခုနှစ်ထဲမှာ ဖမ်းမိခဲ့ပြီး ကြိုးပေးကွပ်မျက်ခဲ့တာကို ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၅)ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
အခုလို ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့တဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြတယ်လို့ သိရပါတယ်။