ဇူလိုင်လ (၂၃)ရက်။
တနိုင်ငံလုံး ဘာသာစုံဂုဏ်ထူးရသူတွေကို စစ်ကောင်စီက နိုင်ငံတော်အဆင့်အနေနဲ့ ပထမဆုံးအကြိမ် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မနေ့က နေပြည်တော်မှာ ဘာသာစုံဂုဏ်ထူးရှင် (၅၀၇)ဦးကို ရွှေစင်ငါးမူးသား ဒင်္ဂါးပြားတွေနဲ့ စစ်ကောင်စီက ချီးမြှင့်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုစစ်ခေါင်းဆောင် စိုး၀င်းတို့ တက်ရောက်ခဲ့ပါတယ်။
အရင်နှစ်တွေက ထူးချွန်ကျောင်းသားတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေနဲ့ ဦးစီးဌာနအဆင့်အထိသာ ဆုချီးမြှင့်ခဲ့ပေမယ့် အခုနှစ်မှာ နိုင်ငံတော်အဆင့်အနေနဲ့ ပထမဆုံးအကြိမ် ချီးမြှင့်တာလို့ ဖော်ပြထားပါတယ်။
ဆုချီးမြှင့်ပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကျောင်းသားတွေအနေနဲ့ ပတ်၀န်းကျင်မှာ ဖြစ်ပျက်နေတာတွေကို မှန်မှန်ကန်ကန် လေ့လာပြီး အမှားအယွင်းမလုပ်မိဖို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် လူငယ်တွေအနေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ၊ ဥပဒေတွေကို လိုက်နာပြီး နိုင်ငံကို အကျိုးပြုဖို့နဲ့ နိုင်ငံကို ကာကွယ်စောင့်ရှောက်ကြဖို့ သူက ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။
ဆုချီးမြှင့်ပွဲအခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုစစ်ခေါင်းဆောင် စိုး၀င်းတို့အပါအ၀င် စစ်ကောင်စီအဖွဲ့၀င်တွေ၊ ၀န်ကြီးတွေ၊ စစ်တပ်အရာရှိကြီးတွေ၊ နေပြည်တော်တိုင်းမှူးနဲ့ ဒု၀န်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။