စက်တင်ဘာလ (၂၃)ရက်။
ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၁၂)ဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ ငါန်းမြာဘက်ကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက (၂)ရက်ဆက်တိုက် ဗုံးကြဲတာ၊ (၂၀)ရက်နဲ့ (၂၁)ရက်မှာ ပြည်သူ (၉)ဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် (၂)ဦးသေဆုံးပြီး ပြည်သူ (၂)ဦး ဒဏ်ရာရခဲ့ပါတယ်။ မနေ့ကတော့ ပြည်သူအလောင်း (၃)လောင်း ထပ်တွေ့တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စက်တင်ဘာလ (၂၀)ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အစုလိုက်အပြုံလိုက် သေဆုံးတာတွေရှိခဲ့ပြီး ပြည်သူ (၉)ဦးနဲ့ ကာကွယ်ရေးရဲဘော် (၂)ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့နေရာတွေကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ (၂၁)ရက်နေ့မှာတော့ ရုပ်အလောင်း (၃)လောင်း ထပ်မံတွေ့ရှိခဲ့ကာ သေဆုံးသူအရေအတွက် ထပ်တိုးလာတာလို့ ပြောဆိုထားပါတယ်။
ငါန်းဇွန်မြို့နယ်ထဲက ငါန်းမြာကြီးရွာအပါအ၀င် အနီး၀န်းကျင်က မိုးတောင်နဲ့ ကုန်းလည်ရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ (၁၉)ရက်နေ့က ငါန်းမြာကြီးရွာရှိ စစ်ကောင်စီရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။