အောက်တိုဘာလ (၂၃)ရက်။
ရခိုင်တိုက်ပွဲထဲ စစ်ကောင်စီဟာ မြေပြင်၊ ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေနဲ့ လေကြောင်းကနေ ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ နေ့တိုင်းရှိနေတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရခိုင်ဒေသရှိ မောင်တော၊ အမ်းနဲ့ ကျိန္တလီမြို့ ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေ နေ့တိုင်း ဆက်တိုက်ဖြစ်ပွားနေပြီး တောင်ကုတ်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကနေ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်ဘက်ကို ပစ်ခတ်နေသလို ကျိန္တလီနဲ့ ကမ်းသာယာမြို့တွေဘက်ကိုလဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေသာမက တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ နေရာတွေနဲ့ မြို့၊ ရွာတွေကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘောကြီးတွေအပြင် လေကြောင်းကနေပါ ပစ်ခတ်တာတွေ ရှိနေတယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တာတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရတာတွေ နေ့တိုင်း ဖြစ်ပေါ်နေတယ်လို့လဲ အာရက္ခတပ်တော်(AA)က ပြောဆိုထားပါတယ်။
ဒါ့အပြင် မောင်တောမြို့မှာ စစ်ကောင်စီရဲ့ နခခ(၅)တပ်စခန်းတခုသာ ကျန်ရှိတော့ပေမယ့် မောင်တောနဲ့ ဘူးသီးတောင်က တောတောင်တွေထဲ စခန်းချနေတဲ့ ARSA၊ RSO ARA တို့နဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။