ဇူလိုင်လ (၂၄)ရက်။
ဇူလိုင်လ (၂၂)ရက်နေ့က ရေဖြူမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ စီးနင်းလာတဲ့ကားကို တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရေဖြူမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို YPPDF နဲ့ ဓ၀ယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တပ်ခွဲ(၁)တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င်တွေ လိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က (၄)ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီကား တိုက်ခိုက်ခံရပြီးတဲ့နောက် (၁၅)မိနစ်ကြာ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီး ပစ်ခတ်တာတွေထဲ စစ်ကောင်စီတပ်ဖွဲ့၀င်တစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီထံကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေဟာ MA3 သေနတ် (၄)လက်၊ ကျည်ဘောက် (၁၂)ခု၊ အီနာဂါသီး (၇)လုံး၊ လက်ပစ်ဗုံး (၄)လုံး၊ ကျည် (၄၀၀)တောင့်နဲ့ လက်ကိုင်ဖုန်း (၂)လုံးတို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေးတွေကို အရှိန်မြှင့်တင် ဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့် စစ်ရေးအထူးသတိပြုသွားလာကြဖို့ YPPDF က အသိပေးထားတယ်လို့ သိရပါတယ်။