ဒီဇင်ဘာလ (၂၄)ရက်။
ထိုင်းနိုင်ငံရဲ့ မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီကို ဖိတ်ကြားတာက အကြမ်းဖက်တာတွေကို ဆိုးရွားလာစေဖို့ အားပေးသလို ဖြစ်စေတဲ့အပေါ် စိုးရိမ်မိတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
“ ထိုင်းနိုင်ငံက မြန်မာအရေး ဆွေးနွေးပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကိုပဲ ဖိတ်ကြားဆွေးနွေးတာက ပြဿနာကို မပြေလည်စေဘဲနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကိုပဲ ဆိုးရွားလာစေဖို့ အားပေးသလို ဖြစ်စေနိုင်တဲ့အတွက် စိုးရိမ်မိပါတယ်” လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။
“ Myanmar-owned, Myanmar-led” လို့ ပြောထားတာမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ပဲ စကားပြောတာကို ဆိုလိုသလားဆိုတဲ့အပေါ် မေးခွန်းထုတ်စရာအခြေအနေ ဖြစ်သွားစေတယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာ့အရေးကို ဖြေရှင်းဖို့ကြိုးစားတဲ့အခါ သက်ဆိုင်ရာ Stakeholders တွေ အကုန်လုံးနဲ့ ထိတွေ့ဖို့ အရေးကြီးကာ Stakeholders တွေရဲ့ ယုံကြည်တာကို ပျက်ပြားစေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ကိုလဲ သတိပေးထားပါတယ်။
“ ကြိုးပမ်းလုပ်ဆောင်တာတွေဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒ၊ အကျိုးစီးပွားနဲ့အညီသာ ဖြစ်သင့်ပြီး အဲ့ဒီလိုမဟုတ်ရင် ဒီလုပ်ငန်းစဉ်တွေကို စစ်အာဏာရှင်က သူတို့အကျိုးစီးပွားအတွက်ပဲ အသုံးချပြီး အဆုံးမှာ မြင်သာထင်သာတဲ့ အကျိုးရလဒ်တွေ ထွက်ပေါ်လာမှာမဟုတ်ပါဘူး၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကြိုးပမ်းမှုဟာ အလဟဿဖြစ်သွားစေနိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ICC မှာ ရာဇဝတ်ကောင်အနေနဲ့ တရားရင်ဆိုင်ရဖို့ နီးစပ်လာတဲ့ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင် အပေါင်းအပါတွေကို သူတို့အလွန်တောင့်တနေတဲ့ တရားဝင်မှု မပေးဖို့ကိုလဲ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။