ဇူလိုင်လ (၂၅)ရက်။
တက္ကသိုလ်၀င်စာမေးပွဲအောင်ချက်တွေမှာ စစ်တပ်ကျောင်းနဲ့ အစိုးရကျောင်းတွေ ထိပ်တန်းကရပ်တည်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်တပ်သားသမီးတွေကို ဆုချီးမြှင့်ပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ကျောင်းတွေကနေ ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဖြေဆိုခဲ့ရာ စစ်တပ်ကျောင်းတွေက အောင်မြင်တဲ့ပျမ်းမျှ (၂၄) ရာခိုင်နှုန်းကျော် ရှိခဲ့ပြီး စစ်တပ်အခြေခံပညာအထက်တန်းကျောင်းတွေအနေနဲ့ အောင်မြင်တာ ပျမ်းမျှ (၆၀) ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။
စစ်တပ်သားသမီးတွေအနေနဲ့ အစိုးရပညာရေးကျောင်းတွေမှာ တက်ရောက်ပြီး ပုဂ္ဂလိကကျောင်းတွေ ပေါ်ပေါက်လာခဲ့ပေမယ့် ပြည်သူအများစုဟာ အစိုးရကျောင်းတွေမှာပဲ အများဆုံး တက်ရောက်တယ်လို့ သူက ထည့်သွင်းပြောဆိုထားပါတယ်။
ပညာရည်မြှင့်တင်ဖို့အနေနဲ့လဲ ကျောင်းနေအရွယ်အားလုံး ပညာသင်ကြားနိုင်ဖို့နဲ့ KG+9 အထိ မဖြစ်မနေ သင်ကြားဖို့ကို စစ်ကောင်စီလက်ထက်မှာ မူဝါဒချမှတ်ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါသေးတယ်။
ဒါ့အပြင် KG+9 အောင်မြင်သူတွေကို စက်မှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာ ပညာရပ်တွေကို သင်ယူခွင့်ရရှိဖို့အတွက် အခြေခံပညာအထက်တန်းကျောင်း (၈၅) ကျောင်းကို ဖွင့်လှစ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ခေါင်းဆောင်က နှစ်တိုင်း တက္ကသိုလ်စာမေးပွဲ အောင်ချက်တွေ ကောင်းမွန်နေတယ်လို့ ပြောဆိုနေပေမယ့် အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် စာမေးပွဲဖြေဆိုသူ ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။