ဇူလိုင်လ (၂၅)ရက်။
ထိန်းချုပ်သိမ်းပိုက်ခဲ့တဲ့ မိုးကုတ်မြို့က စစ်ကောင်စီရဲ့စခန်းတွေထံကနေ ရရှိခဲ့တဲ့ လက်နက်မျိုးစုံ (၂၀၀)ကျော်ကို TNLA က ဒီကနေ့မှာ သတင်းဓာတ်ပုံနဲ့အတူ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မိုးကုတ်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းရဲ့ ဇွန်လ (၂၅)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ကာ သီတင်းပတ် (၄)ပတ်အကြာမှာ ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
မိုးကုတ်မြို့နယ်ထဲက စစ်ကောင်စီရဲ့ လပခ၊ ခလရ(၇၈၊ ၈၈၊ ၁၄၈) ဗျူဟာမှူးကြီး အခြေချကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးကို ဇူလိုင်လ (၂၄)ရက်နေ့ ညနေ (၅)နာရီအချိန်မှာ TNLA က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
တိုက်ပွဲကာလထဲ စစ်ကောင်စီရဲ့ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၇၃)လက်၊ 120 MM (၂)လက်၊ 60 MM (၁၁)လက်၊ 81 MM (1)လက်၊ ငဂျင်းမီး (၃)လက်၊ ပွိူင်းဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျမ်းပါ (၁)စုံ၊ တွဲလိုက်ဒုံး(၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနဲ့ စစ်သုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သုံးပန့် (၃၀)ကျော် ဖမ်းမိခဲ့ပြီး စစ်ကောင်စီဘက်က Jet Fighter (၂၁)ကြိမ်၊ Y12 လေယာဥ် (၉)ကြိမ်၊ လက်နက်ကြီး (၇၈)ကြိမ်နဲ့ အတွဲလိုက်ဒုံး (၁၈)လုံး တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ အရပ်ဖက် ဦးတည်တိုက်ခိုက်တာကြောင့် မိုးကုတ်ဒေသခံ ကျား(၁၄)ဦး၊ မ (၈)ဦး၊ ကလေး (၉)ဦး သေဆုံးခဲ့ပြီး၊ (၅၉)ဦီး ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်း (၄)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးတာနဲ့ လူနေအိမ် (၂၉)လုံး မီးလောင်ပျက်စီးခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။
မိုးကုတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဟာ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းထဲ ဒုတိယသိမ်းပိုက်ရရှိခဲ့တဲ့မြို့ဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။