ဇူလိုင်လ (၂၅)ရက်။
ဇူလိုင်လ (၂၄)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ပခုက္ကူစက်မှုဇုန်မြို့ KTV ကနေပြန်လာတဲ့ စစ်ကောင်စီရဲ့ (၃)ပွင့်အဆင့်ရှိ ဗိုလ်ကြီး ၀င်းဇော်ကို ဖမ်းမိခဲ့တယ်လို့ Southern YSO PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖမ်းဆီးခံရသူ ၀င်းဇော်ဟာ နေပြည်တော် အမှတ် (၂၃)၊ စစ်တပ် ကုတင် (၂၅)ဆေးရုံမှာ တပ်ရေး/တပ်ထောက်အနေနဲ့ တာ၀န်ထမ်းဆောင်သူဖြစ်ပြီး သေနတ်အတိုပါတယ်လို့ သတင်းရတာကြောင့် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကိုယ်ပိုင်အမှတ် ကြည်းဗက (၅၄၅၄၂) (၃)ပွင့်ဗိုလ်ကြီး ၀င်းဇော်ဟာ ပခုက္ကူမြို့ကို ခွင့်နဲ့ပြန်လာသူဖြစ်ကာ ဗထူးအမှတ်စဉ် (၁၁၂)မှာ သင်တန်းဆင်းပြီး လုပ်သက် (၂၄)နှစ်ရှိကာ ကလော ခလရ(၇)က မိခင်တပ်ရင်းလို့ ဖော်ပြထားပါတယ်။
၀င်းဇော်ထံကနေ နိုင်ငံသားမှတ်ပုံတင်တစ်ခု၊ အင်းဝဘဏ် ATM ကဒ်တစ်ခု၊ Shayang 125 တစ်စီး၊ ငွေကျပ် (၆၁၈,၀၀၀)ကျပ်၊ ပိုက်ဆံအိတ် (၁)လုံး၊ ဘေးလွယ်အိတ် (၁)လုံး၊ ဦးထုပ်တစ်လုံးနဲ့ ဖုန်း (၂)လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့၀င် ဗိုလ်ကြီး ၀င်းဇော်ကို စစ်သုံ့ပန်းဥပဒေအတိုင်း ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်တဲ့ သတင်းအချက်အလက်တွေကို စစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။