ဇူလိုင်လ (၂၅)ရက်။
ရှမ်းမြောက်ဒေသတိုက်ပွဲ (၁)လအကြာမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် အရပ်သား (၁၂၅)ဦးသေဆုံးကာ (၁၆၇)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကျောက်မဲတိုက်ပွဲထဲ စစ်ကောင်စီရဲ့ ပစ်ခတ်တာတွေကြောင့် အမျိုးသမီး (၁၄)ဦးနဲ့ အမျိုးသား (၂၄)ဦးသေဆုံးခဲ့ကာ ကလေး (၄)ဦးအပါအ၀င် (၄၀)ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၃၇)လုံး၊ ဘုန်းကြီးကျောင်း(၂)ကျောင်းနဲ့ စာသင်ကျောင်း (၂)ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုမှာ အရပ်သား အမျိုးသား (၁၀)ဦးနဲ့ အမျိုးသမီး (၈)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့သလို နေအိမ် (၁၃)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်းနဲ့ စာသင်ကျောင်း (၁)ကျောင်း ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မိုးကုတ်ဒေသမှာ ကလေး (၉)ဦးအပါအ၀င် အရပ်သား (၂၈)ဦး သေဆုံးခဲ့ကာ ကလေး (၁၀)ဦးအပြင် (၄၈)ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂၉)လုံးနဲ့ ဘုန်းကြီးကျောင်း (၂)ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် မိုးမိတ်မြို့မှာ (၃)ဦးသေဆုံးကာ (၁၂)ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် လားရှိုးမြို့မှာလဲ ကလေး (၅)ဦးနဲ့ အရပ်သား (၃၃)ဦး သေဆုံးပြီး (၄၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
သီပေါမြို့မှာလဲ စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား (၅)ဦး ဒဏ်ရာရရှိခဲ့ကာ တစ်လတာတိုက်ပွဲထဲ ရှမ်းမြောက်ဒေသမှာ စစ်ဘေးရှောင် (၃၀၀၀၀)ကျော်ရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။