ဇူလိုင်လ (၂၅)ရက်။
မိုးကုတ်မြို့နဲ့ လားရှိုးမြို့တို့က အခြေအနေတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားသူအချို့ကို စစ်ကောင်စီက လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မိုးကုတ်နဲ့ လားရှိုးမြို့က အခြေအနေတွေကို လူမှုကွန်ရက်စာမျက်နှာပေါ် ကောလာဟလ ထုတ်လွှင့်ရေးသားတယ်ဆိုပြီး ပြည်သူအချို့ကို ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူထဲ မိုးကုတ်မြို့တိုက်ပွဲတွေကြောင့် နေပြည်တော်သို့ စစ်ဘေးရှောင်လာတဲ့ အမျိုးသမီးတစ်ဦးပါ၀င်ကာ သူမဟာ “ အောင်သပြေနဲ့ ကြိုနေကြတာ ၀မ်းသာစရာ” လို့ ရေးသားခဲ့တာကြောင့် စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး မိုးကုတ်နဲ့ လားရှိုးက အခြေအနေတွေနဲ့ပတ်သက်ပြီး ရေးသားခဲ့တဲ့ အမျိုးသား (၂)ဦးကိုလဲ မန္တလေးမြို့ အေးချမ်းတည်ငြိမ်တာကို ပျက်ပြားစေတယ်ဆိုပြီး ဖမ်းဆီးခဲ့ပါသေးတယ်။
ဒါ့အပြင် “ သူများအိမ်ထဲလဲ ၀င်ပြေးသေး၊ ကျည်မပါတဲ့သေနတ်နဲ့လဲ ချောက်ချောက်ချက်ချက် ပစ်ပြသေးတော့၊ ဟိုက ခုတ်သတ်တာ နဲတောင် နဲသေး” လို့ ရေးသားတဲ့ မိုးကုတ်မြို့အနောက်ပိုင်းက အမျိုးသားတစ်ဦးကို ဖမ်းဆီးဖို့ကိုလဲ စစ်လော်ဘီတွေက လှုံ့ဆော်ထားပါတယ်။
ဇူလိုင်လ (၂၄)ရက်နေ့မှာ မိုးကုတ်မြို့ကို TNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ထဲကို ၀င်ရောက်ချိန် ဒေသခံပြည်သူတွေက သပြေပန်းတွေနဲ့ ကြိုဆိုတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပြီးနောက် စစ်လော်ဘီတွေက ဗုံးကြဲဖို့ လှုံ့ဆော်ထားပါသေးတယ်။
ဒီကနေ့ နံနက်ပိုင်းမှာလဲ လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ် (MNDAA) က သိမ်းပိုက်လိုက်ပြီး လားရှိုးမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ပြောဆိုထားပေမယ့် စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားတယ်လို့ သိရပါတယ်။