အောက်တိုဘာလ (၂၅)ရက်။
မနေ့က နေပြည်တော်မှာ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြတယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တွေ့ဆုံပွဲကို (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို တက်ရောက်ခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေအပါအဝင် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တွေ့ဆုံချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း နိုင်ငံအလိုက် ပူးပေါင်းတိုက်ဖျက်ရမယ့် နယ်စပ်ဖြတ်ကျော် မှုခင်းတွေကို အတူတကွ တိုက်ဖျက်ဖို့ ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မူယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာ၊ လက်နက်ခဲယမ်းတွေ မှောင်ခိုရောင်းချတာနဲ့ အွန်လိုင်းလိမ်လည်တာတွေကို နိုင်ငံအလိုက် ရဲတပ်ဖွဲ့ဝင်တွေအချင်းချင်း ပူးပေါင်းတားဆီးနှိမ်နင်းဖို့ ပြောဆိုခဲ့ပါတယ်။
နောက်ပြီး အာဆီယံရဲအဖွဲ့ဝင်နိုင်ငံတွေကလဲ အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း လေ့ကျင့်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေမှာ ပူးပေါင်းတားဆီးနှိမ်နင်းဖို့ ဆက်လက်ဆောင်ရွက်သွားမယ့်ကိစ္စ ပြောဆိုခဲ့တယ်လို့ ရေးသားထားပါတယ်။
နေပြည်တော်မှာ လက်ခံကျင်းပခဲ့တဲ့ (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို ဘရုနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်တို့က ရဲချုပ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။