အောက်တိုဘာလ (၂၅)ရက်။
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ ငွေကျပ် (၂၅၀၀၀)ကျော်တန်ဖိုးရှိ ရွှေထည်တွေကို လုယက်သွားတဲ့သူတွေထဲက (၃)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အောက်တိုဘာလ (၂၁)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်က ကမာရွတ်မြို့နယ်ထဲ ဖွင့်လှစ်ထားတဲ့ မြရွှေယုံရွှေဆိုင်က ရွှေထည်ပစ္စည်းမျိုးစုံ (၅)ပိဿာ(၂၉)ကျပ်သားခန့်နဲ့ ငွေသား သိန်း(၅၀)တို့ကို လှိုင်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အိမ်သို့ ကားနဲ့ သိမ်းဆည်းသယ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုသယ်ဆောင်လာချိန် ရွှေဆိုင်ပိုင်ရှင်အိမ်ရှေ့အရောက်မှာ ကားတစ်စီးနဲ့ အမျိုးသား (၄)ဦး ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်နဲ့ ငွေတွေထဲ့ထားတဲ့ သေတ္တာ (၃)လုံးကို လုယူသွားတယ်လို့ ဖော်ပြထားပါတယ်။
လုယက်သူတွေထဲက (၃)ဦးကို စမ်းချောင်းမြို့အပါအဝင် ပဲခူးနဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့တို့မှာ ဖမ်းမိခဲ့ပြီး တစ်ဦးလွတ်မြောက်နေကာ ဖမ်းမိသူတွေဆီက ခြောက်လုံးပြူးတလက်၊ S&WL ကျည် (၉)တောင့်နဲ့ ကျည်ခွံတခု သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် လုယက်ကျူးလွန်သူတွေဟာ KNU တပ်မဟာ (၇)နယ်မြေရှိ ဝေ့ရှမ်းရွာမှာ ဖွင့်လှစ်တဲ့ PDF သင်တန်း အပတ်စဉ် (၅)က သင်တန်းဆင်းတွေဆိုပြီးလဲ စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။
အခုလို လုယက်တာတွေဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေမှာ ဖမ်းမိသူတွေကို စစ်ကောင်စီက PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီး မဟုတ်မမှန် သတင်းလွှင့်ကာ စွပ်စွဲပြောဆိုနေတာလို့လဲ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။