အောက်တိုဘာလ (၂၅)ရက်။
မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲကာ လွတ်လပ်ပြီး ငြိမ်းချမ်းတဲ့ အနာဂတ် နိုင်ငံတော်သစ်ဆီကို ဆက်လက်ကြိုးပမ်းဖို့ NUG က ဒီကနေ့ KIO ထူထောင်တာ (၆၄)နှစ်မြောက်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
NUG အနေနဲ့ ကချင်လူထုနဲ့ KIO က စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းဖို့နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်တဲ့ခရီးမှာ အခက်အခဲတွေ ကြုံတွေ့ရတာကို နားလည်လို့ ဆိုပါတယ်။
ဒါပေမယ့်လဲ မိမိတို့နိုင်ငံအနာဂတ်ဟာ မိမိတို့လက်ထဲမှာသာ အပြည့်အဝတည်ရှိပြီး စုစည်းညီညွတ်စွာ ပူးပေါင်းတည်ထောင်ရမယ့် ကာလဖြစ်တာကြောင့် ဆက်လက်လက်တွဲကြိုးပမ်းဖို့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။
KIO အနေနဲ့ ကချင်လူထုရှေ့မှာသာမက နွေဦးတော်လှန်ရေးမှာလဲ တော်လှန်ရေးတပ်တွေနဲ့ လက်တွဲပြီး ရှေ့က မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်နေတာကို လေးစားတန်ဖိုးထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အသက်သွေးချွေးပေးဆပ်သွားတဲ့ ကချင်ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေနဲ့ ကချင်လူထုရဲ့ ကျေးဇူးတွေကို အမြဲတမ်း အမှတ်ရ ကမ္မည်းတင်သွားမယ်လို့ ရေးသားထားပါတယ်။
အောက်တိုဘာလ (၂၅)ရက်နေ့ဟာ ကချင်အမျိုးသားတွေက စစ်အာဏာရှင်စနစ် ဖျက်သိမ်းဖို့နဲ့ ပင်လုံကတိကဝတ်စာချုပ်အရ ဆုံးရှုံးသွားတဲ့ နိုင်ငံရေးအခွင့်အရေးတွေကို ပြန်လည်ရရှိဖို့အတွက် KIO ကို ထူထောင်ခဲ့တဲ့ သမိုင်းဝင်နေ့ဖြစ်တယ်လို့ သိရပါတယ်။