အောက်တိုဘာလ (၂၅)ရက်။
ပြည်သူ့စစ်အဖွဲ့တွေ ရုပ်သိမ်းပြီး KIO နဲ့ လမ်းတစ်ခုထဲမှာ အတူတူလျှောက်ဖို့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့မှာကျရောက်တဲ့ KIO ထူထောင်တာ (၆၄)နှစ်ပြည့်တဲ့နေ့မှာ သတိပေးပြောဆိုလိုက်တယ်လို့ သိရပါတယ်။
“ မိဘပြည်သူတွေရဲ့ အကြံပြုချက်အရ စစ်ကောင်စီရဲ့ အလုပ်တွေမှာ စိတ်ရောကိုယ်ပါ အလုပ်လုပ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို အကြမ်းမဖက်တဲ့နည်းနဲ့ စည်းရုံးခဲ့ပြီးဖြစ်ပါတယ်။ အချို့အဖွဲ့တွေ ရုပ်သိမ်းသွားတာရှိပေမယ့် အချို့အဖွဲ့တွေ ဆက်လုပ်နေတာကို တွေ့ရပါတယ်” လို့ ဆိုပါတယ်။
KIO ဗဟိုကော်မတီအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေသူတွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို အကြမ်းမဖက်တဲ့နည်းနဲ့ စည်းရုံးခဲ့ကာ မကြာမီကာလမှာ ပြည်သူ့စစ်အဖွဲ့တွေ ရုပ်သိမ်းပြီး KIO နဲ့ ပူးပေါင်းဖို့ကို ထပ်မံသတိပေးခဲ့တာလို့ သိရပါတယ်။
KIO/KIA အမှုထမ်းတွေအနေနဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့ လုပ်ငန်းတိုင်းမှာ အစွမ်းအစထုတ်ပြီး တာဝန်ထမ်းဆောင်ကြဖို့နဲ့ KIO ရဲ့ ဂုဏ်သိက္ခာထိခိုက်စေမယ့် လုပ်ရပ်တွေကို ရှောင်ရှားကြဖို့ သူက မှာကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာတနိုင်ငံလုံးက ပြည်သူတွေ ပါဝင်ထောက်ခံတဲ့ တော်လှန်ရေးကြီးဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ဟာ ဧကန်မုချ ကျရှုံးမှာဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်လက်လက်တွဲသွားမယ်လို့ ဆိုပါတယ်။
နောက်ပြီး ရှေ့တန်းစစ်မြေပြင်မှာ ရဲစွမ်းသတ္တိအပြည့်နဲ့ ကြိုးစားအားထုတ်နေတဲ့ ရဲဘော်ရဲဘက်တွေလဲ ကျရာတာဝန်တွေကို ကျေပွန်စွာ ဆက်လက်ထမ်းဆောင်ကြဖို့နဲ့ ရရှိထားတဲ့ အောင်မြင်မှုတွေကိုလဲ အသိအမှတ်ပြု ဂုဏ်ပြုချီးကျူးတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။