ဇူလိုင်လ (၂၆)ရက်။
မနေ့က ထီးချိုင့်မြို့ရှိ တကောင်းနီကယ်စက်ရုံက စစ်ကောင်စီရဲ့ တောင်ပေါ်လုံခြုံရေးရဲကင်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ မနေ့က တကောင်းနီကယ်စက်ရုံ တောင်ပေါ်လုံခြုံရေးရဲကင်းကို ရခဲ့သလို စက်ရုံရှေ့စစ်ဆေးရေးဂိတ်ကအဖွဲ့တွေလဲ စက်ရုံထဲကို ဆုတ်ပြေးသွားခဲ့ကြပါတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။
တိုက်ခိုက်ခံရတာတို့ကြောင့် တကောင်းနီကယ်စက်ရုံရှေ့ရှိ စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ စက်ရုံထဲကို ဆုတ်ခွာသွားတဲ့အတွက် တော်လှန်ရေးတပ်တွေဟာ ဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
အခုလို တကောင်းနီကယ်စက်ရုံရဲ့ တော်ပေါ်လုံခြုံရေးရဲကင်း သိမ်းပိုက်နိုင်ခဲ့တာနဲ့ စက်ရုံထဲရှိ တရုတ်နိုင်ငံသားတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့တွေကတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ဒါ့အပြင် မနေ့က သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ တွင်းငယ်တိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ၀င်ရောက်စီးနင်းတိုက်ခိုက်ပြီး ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗိုလ်ကြီး ဇင်ယော်က ရေးသားထားပါတယ်။
တော်လှန်ရေးတပ်တွေဟာ မနေ့က နေ့လည်ပိုင်းကစပြီး တကောင်းနီကယ်စက်ရုံကို ၀င်ရောင်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သပိတ်ကျင်းမြို့နယ်ရှိ ချောင်းကြီးရွာလဲ ထိုးစစ်ဆင်ခံနေတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။