ဖေဖော်ဝါရီလ (၂၇)ရက်။
နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ အစိုးရတစ်ရပ်အနေနဲ့ လေးကန်နှေးကွေးလို့မရဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ အခု ၂၁ ရာစုဟာ အပြောင်းအလဲတွေက သိပ်မြန်ဆန်နေပါတယ်။ နွေဦးတော်လှန်ရေးထဲက [Generation Z] လို့ ခေါ်တဲ့ လူငယ်တွေရဲ့ စွမ်းရည်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေကလည်း ခေတ်နဲ့အညီ သိပ်မြန် / သိပ်သွက်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အစိုးရတစ်ရပ်ဟာ လေးကန် နှေးကွေးနေလို့မရဘူး” လို့ ၎င်းက ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးကဲ့သို့ တော်လှန်စစ်ရေး အောင်ပွဲရလဒ်တွေကို အလားတူနယ်မြေဒေသတွေမှာ တိုးချဲ့ရရှိနိုင်အောင် အစိုးရအဖွဲ့ဝင်အားလုံးက ခွန်စိုက်အားစိုက် လုံ့လထုတ်ကြဖို့ တိုက်တွန်းထားပါတယ်။
ခုခံတော်လှန်စစ်ရလဒ်တွေကို လက်တွေ့မြေပြင်မှာ ထင်ထင်ရှားရှား ပြသနိုင်မှသာ လူထုရဲ့ဘေးဒုက္ခတွေဟာ အမြန်ကင်းလွတ်မှာဖြစ်တာကြောင့် အကြမ်းဖက် စစ်အုပ်စုကို အလျင်အမြန် ဖယ်ရှားနိုင်ဖို့ အင်မတန် အရေးကြီးတယ်လို့ အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောပါတယ်။
ဒါ့ပြင် တော်လှန်ရေးအင်အားစုအချင်းချင်း ပေါင်းစည်းမလုပ်နိုင်တာကြောင့် လူထုကို ကူညီထောက်ပံ့တဲ့ လုပ်ငန်းတွေမှာ နှောင့်နှေးတာမျိုးတွေ ရှိနေတဲ့အတွက် တော်လှန်ရေးအင်အားစု အချင်းချင်းအကြား နိုင်ငံရေးအရ ပိုပြီး ကပ်အားကောင်းအောင် ကြိုးစားလုပ်ဆောင်ကြဖို့ကိုလဲ ယာယီသမ္မတက တိုက်တွန်းထားပါတယ်။
NUG အစိုးရအနေနဲ့ မြေပြင်က တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးအရ ပိုမိုအစေးကပ်အောင် ဆက်လက်ကြိုးစားဖို့ လိုနေကာ မြေပြင်က အင်အားစုတွေနဲ့ နားလည်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိထားမှ လူထုအရေးကိစ္စတွေကို ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။