ဇူလိုင်လ (၂၇)ရက်။
မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန် တိုင်းတာချက်အရ သံတွဲမြို့ရှိ သူဌေးချောင်းဆည်ဟာ စိုးရိမ်ရေမှတ် အနီရောင်အဆင့်ကို ကျော်လွန်လာနေပြီလို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတဲ့ သူဌေးချောင်းဆည်ဟာ အခုထက်ပိုတဲ့ မိုးရေချိန်အမှတ်ကို ရောက်ရှိလာနိုင်တဲ့အတွက် ဆည်နဲ့အနီး၀န်းကျင်အပါအ၀င် ဆည်ကျရေစီးဆင်းတဲ့လမ်းကြောင်းက ရွာတွေအနေနဲ့ ရေဘေးလွတ်ရာနေရာတွေကို အမြန်ဆုံး ချက်ချင်းပြောင်းရွှေ့ဖို့ အရေးပေါ်ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်တွေကလဲ မိုးရွာသွန်းတာနဲ့ မိုးရေချိန်အမှတ်တွေကြောင့် စိုးရိမ်ရေအမှတ် ရောက်လာနိုင်တာကို အာရက္ခတပ်တော်(AA)က ကြိုတင်အသိပေးထားခဲ့ပါသေးတယ်။
ဒီကနေ့မှာတော့ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်လာနေပြီဖြစ်တာကြောင့် အခုလို အရေးပေါ်ထုတ်ပြန်ရတာဖြစ်ပြီး ပြည်သူတွေအနေနဲ့လဲ ကယ်ဆယ်ရေးစေတနာ့၀န်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။
အခုရက်တွေထဲ ရခိုင်ဒေသအပါအ၀င် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် မိုးရေချိန်အမှတ်တွေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။