အောက်တိုဘာလ (၂၇)ရက်။
ဒီကနေ့ နံနက် (၇)နာရီခွဲကျော်အချိန်မှာ စစ်ကောင်စီက နမ့်ခမ်းမြို့ကို ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နမ့်ခမ်းမြို့ကို နံနက် (၇)နာရီ (၃၅)မိနစ်မှာ တကြိမ်၊ (၄၅)မိနစ်မှာ တကြိမ်နဲ့ (၈)နာရီ (၁၄)မိနစ်မှာ တကြိမ် ဂျက်ဖိုက်တာနဲ့လာပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
နမ့်ခမ်းမြို့နယ် လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်ပျက်စီးတဲ့ အခြေအနေ အသေးစိတ်ကိုတော့ TNLA ဘက်က ထည့်သွင်းပြောဆိုထားတာ မရှိသေးပါဘူး။
နမ့်ခမ်းမြို့နယ်ဟာ TNLA ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပြီး “ ၁၀၂၇ စစ်ဆင်ရေး” ရဲ့ နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီကနေ့မှာ စစ်ကောင်စီက အခုလို လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။
စက်တင်ဘာလ (၆)ရက်နေ့ကလဲ နမ့်ခမ်းမြို့ ညဈေးအနီးရှိ ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ကျားဖြူခန်းမအနီးကို လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးငယ်တွေအပါအဝင် အရပ်သား (၁၁)ဦးသေဆုံးကာ (၁၁)ဦးဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ TNLA ရဲ့ ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့က အရပ်သားတွေကို ပစ်မှတ်ထားပြီး နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေကာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ သိရပါတယ်။