ဇူလိုင်လ (၂၈) ရက်။
လားရှိုးမြို့ကို မူလအတိုင်း ပြန်လည်ရောက်ရှိစေဖို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အချက်တွေကို အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီနဲ့ MNDAA စစ်ရေးကော်မတီတို့က မနေ့က ပူးတွဲထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
လားရှိုးမြို့ကို ဇူလိုင်လ (၂၅)ရက်နေ့မှာ MNDAA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရားကို ကိုင်တွယ်ခဲ့ကာ အုပ်ချုပ်မှုကော်မတီဖွဲ့စည်းပြီး ဒေသပြန်လည်တည်ဆောက်ဖို့ ကြေညာထားပါတယ်။
MNDAA ရဲ့ ထုတ်ပြန်ချက်တွေထဲ တရုတ်ရဲ့ ဂရုစိုက်တာတွေအပေါ် အထူးအလေးထားပြီး ကြား၀င်စေ့စပ်ပေးတဲ့ မူဝါဒကို လိုက်နာကာ တိုက်ပွဲအမြန်ချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။
လားရှိုးမြို့ရှိ ပုဂ္ဂလိကပိုင်ပစ္စည်းတွေကို မကျူးလွန်ဖို့နဲ့ ချိုးဖောက်ပါက စစ်ရေးအရ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးထားသလို လူ့အခွင့်အရေး ချိုးဖောက်ပါက အရေးယူမှာဖြစ်ပြီး တန်းတူညီမျှရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အကောင်အထည်ဖော်သွားမယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဆိုက်ဘာမှုခင်း၊ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)တို့အပါအ၀င် မူးယစ်ဆေးဝါး ရောင်းချ၊ စိုက်ပျိုး၊ သုံးစွဲတာတွေကို တိုက်ဖျက်သွားမှာဖြစ်ပြီး အများပိုင်ပစ္စည်းတွေကို ထိန်းသိမ်းသွားမယ်လို့ ပြောဆိုထားပါတယ်။
မူလက လားရှိုးမြို့ရှိ အစိုးရ၀န်ထမ်း၊ ဆရာ/ဆရာမ၊ ဆရာ၀န်၊ လျှပ်စစ်နဲ့ ရေပိုက်လုပ်ငန်းရှင်၊ ယာဉ်ထိန်းအဖွဲ့နဲ့ စွမ်းအင်လုပ်ငန်းရှင်တွေကို ဥပဒေအရ ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး တာ၀န်ထမ်းဆောင်လိုသူတွေကို မူလတာ၀န်၊ ရာထူးနဲ့အညီ ထမ်းဆောင်စေမယ်လို့ အသိပေးထားပါတယ်။
စစ်ရေးအုပ်ချုပ်တဲ့ကာလထဲ လားရှိုးမြို့မှာ အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တွေကို တပ်သားသစ်ခေါ်ဆောင်တာတို့ကို လုံး၀ကန့်ကွက်ပြီး ဆန္ဒအလျောက် စစ်မှုထမ်းလိုသူတွေကို ကြိုဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ထဲကို “ ၀” တပ် (UWSA) ဘက်က ၀င်ရောက်လာတာတွေ ရှိပေမယ့် ပြင်ပဆက်ဆံရေးရုံးနဲ့ ပိုင်ဆိုင်တာတွေ ကာကွယ်ဖို့ လာရောက်တာလို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။