စက်တင်ဘာလ (၂၈)ရက်။
ဒီကနေ့ နံနက် (၁၁)နာရီခန့်က ကန့်ဘလူမြို့နယ်ရှိ မှန်နီပင်ရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နံနက် (၁၁)နာရီလောက် စံပါယ်နံ့သာရွာက စကစအထိုင်စခန်းကနေ မှန်နီပင်ရွာကို ဒရုန်းနဲ့ ဗုံးသီးကြဲချတာ။ရွာထဲကျရောက်ပေါက်ကွဲပြီး ပြည်သူ (၃)ဦး သေဆုံးသွားပါတယ်” လို့ ဆိုပါတယ်။
စံပါယ်နံ့သာရွာရှိ အထိုင်စခန်းကနေ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာကြောင့် မှန်နီပင်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား (၃)ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မှန်နီပင်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိသလို စစ်ကြောင်းထိုးတာမရှိဘဲ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး ရွာစဉ်လှည့်ကာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်နေတာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မနေ့က နေ့လယ် (၃)နာရီခွဲအချိန်ကလဲ ရေရှင်ကြီးရွာကို စံပါယ်နံသာအထိုင်စခန်းကနေ ဒရုန်းနဲ့ ဗုံးသီး (၃)လုံး ကြဲချတိုက်ခိုက်ခဲ့ကာ အရပ်သား (၇)ဦး ဒဏ်ရာရရှိခဲ့ပြီး ခရီးသွားအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး စံပါယ်နံ့သာအထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စံပါယ်နံသာရွာအနောက်ဘက် (၂)မိုင်အနီး စစ်ကြောင်းနဲ့တိုးတဲ့ အမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ရေကြီးရှင်ရွာဟာ စံပါယ်နံ့သာရွာနဲ့ ငှက်ပျောတိုင်းရွာကြား ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာ တည်ရှိကာ စစ်ကောင်စီအထိုင်စခန်းတွေနဲ့ နီးကပ်တဲ့ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။