အောက်တိုဘာလ (၂၈)ရက်။
စစ်အုပ်စုကို အထိနာစေခဲ့တဲ့ “ ၁၀၂၇ စစ်ဆင်ရေး” ထဲ ညီနောင်မဟာမိတ် (၃)ဖွဲ့နဲ့အတူ ပြည်သူ့လွတ်မြောက်ရေးတက်မတော်(PLA) ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
PLA အနေနဲ့ ညီနောင်(၃)ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ဦးဆောင်တဲ့ “ ၁၀၂၇ စစ်ဆင်ရေး” မှာ ပူးပေါင်းပါဝင်ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
PLA ဟာ သိန္နီမြို့သိမ်းတိုက်ပွဲအပါအဝင် မိုးမိတ်မြို့သိမ်းတိုက်ပွဲ၊ သီပေါမြို့သိမ်းတိုက်ပွဲ၊ လားရှိုးမြို့သိမ်းတိုက်ပွဲနဲ့ သပိတ်ကျင်းတိုက်ပွဲတွေထဲ ပါဝင်ခဲ့သလို စစ်ကိုင်းတိုင်း ရေဦးမြို့ရှိ စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ အောင်သာယာရွာကို ဦးဆောင်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး PDF ရဲ့ အမှတ်(၁)စစ်ဒေသ၊ အနောက်မြောက်စစ်ဒေသနဲ့ အမှတ်(၉)စစ်ဒေသတို့မှာ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ပြီး “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းမှာလဲ ဆက်လက် ပူးပေါင်း တိုက်ပွဲဝင်နေတယ်လို့ ရေးသားထားပါတယ်။
အခုအခါ သပိတ်ကျင်းမြို့နယ်ထဲက (၇)မိုင်၊ ကျောက်ကြီးနဲ့ စစ်တပ်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တတက၁၃)နဲ့ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်းတွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ PLA က ပြောဆိုထားပါတယ်။
ဒါ့အပြင် “ ၁၀၂၇ စစ်ဆင်ရေး” ထဲ ညီနောင်မဟာမိတ် (၃)ဖွဲ့နဲ့အတူ ၆၁၁ တပ်မဟာထဲက PLA၊ BPLA၊ KNDF၊ လားရှိုး PDF၊ မိတ္ထီလာ PDF၊ BNRA၊ ဒရုန်းတပ်ဖွဲ့တွေနဲ့ အခြားမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတယ်လို့ သိရပါတယ်။