အောက်တိုဘာလ (၂၈)ရက်။
ကရင်နီပြည်ထဲ စစ်ကောင်စီတပ်က လူသားစာနာမှုအကူအညီတွေကို ထိန်းချုပ်ပြီး အကူအညီပေးတဲ့ အဖွဲ့တွေကို ကန့်သတ်တာနဲ့ ကုန်စည်စီးဆင်းမှုကို တားမြစ်ထားတယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စင်တင်ဘာလအစောပိုင်းက ယာဂီမုန်တိုင်းအရှိန်ကြောင်ြ ကရင်နီပြည် နေရာဒေသအနှံ့ ရေကြီးရေလျှံ မြေပြိုတာတွေကြောင့် အသက်သေဆုံးရတာ၊ လမ်းတံတားပျက်စီးတာ၊ ကျေးရွာနေအိမ်တွေ ရေလွှမ်းတာ၊ စပါးခင်းနဲ့ စိုက်ပျိုးသီးနှံခင်းတွေ ရေလွှမ်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Karenni-IEC အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ရေဘေးသင့်ပြည်သူတွေရဲ့ လူသားစာနာမှုဆိုင်ရာ တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ကူညီပံ့ပိုးတာတွေကို ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် ကရင်နီပြည်ထဲ သဘာဝဘေးဆိုင်ရာ အကျပ်အတည်းတွေနဲ့ အကူအညီလိုအပ်ချက်တွေက အလွန်ကြီးမားနေကာ ပြည်သူတွေရဲ့ဘဝကို လစ်လျူရှုပြီး စစ်ကောင်စီတပ်က ကန့်သတ်ထိန်းချုပ်တာတွေ ပြုလုပ်နေတာလို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် စစ်ဘေးရှောင်ပြည်သူနဲ့ ရေဘေးသင့်ပြည်သူတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲစိန်ခေါ်မှုတွေကို နိုင်ငံတကာက သိရှိပြီး ပြန်လည်ထူထောင်တဲ့လုပ်ငန်းတွေမှာ ထပ်တိုးကူညီဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် ယာဂီမုန်တိုင်းအရှိန်ကြောင့် ဖယ်ခုံ၊ လွိုင်ကော်၊ နန်းမယ်ခုံ၊ ဒီးဘောင်းခူ၊ ဒီမော့ဆိုအရှေ့ခြမ်း၊ ဟိုယာ၊ ဘောလခဲ၊ မော်ချီး၊ ရှားတောနဲ့ မယ်စဲ့မြို့တို့က စစ်ဘေးရှောင်စခန်း (၁၆)ခုနဲ့ ကျေးရွာ (၅၄)ရွာ သဘာဝဘေး ကြုံတွေ့ခဲ့ရတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။