စက်တင်ဘာလ (၂၉)ရက်။
မြန်မာပြည်သူတရပ်လုံးအပေါ် မျက်နှာမူတဲ့ ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒကို လက်ကိုင်စွဲထားတယ်လို့ တရုတ်သံအမတ်သစ် Ms. Ma Jia က တရုတ်နိုင်ငံတည်ထောင်တဲ့ (၇၅)နှစ်ပြည့်အထိမ်းအမှတ်နဲ့ ကြိုဆိုပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နှစ်ပေါင်း (၂၉)နှစ်ကြာမှ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ တရုတ်သံအမတ်သစ် Ms. Ma Jia ဟာ မြန်မာနိုင်ငံ ပြောင်းလဲလာတာတွေနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်တာတွေ နက်ရှိုင်းကျယ်ပြန့်လာတာကို ခံစားရတယ်လို့ ပြောဆိုခဲ့ပါတယ်။
တရုတ်အနေနဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာတာကို အိမ်နီးချင်းနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးမှာ အရေးကြီးနေရာမှာ အမြဲထားရှိပြီး မြန်မာပြည်သူအပေါ် မျက်နှာမူတဲ့ ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒကို လက်ကိုင်စွဲထားတယ်လို့ သူက ဆက်ပြောပါတယ်။
နောက်ပြီး နှစ်နိုင်ငံပြည်သူတွေ စိတ်နှလုံးချင်း ဆက်နွယ်တာကို အဆက်မပြတ်မြှင့်တင်ပြီး လက်တွေကျ ပူးပေါင်းဆောင်ရွက်တာဟာ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူတွေကို ပိုမိုကောင်းမွန်စွာ အကျိုးဖြစ်ထွန်းစေမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံတည်ထောင်တာ (၇၅)နှစ်ပြည့် အထိမ်းအမှတ်နဲ့ သံအမတ် ကြိုဆိုပွဲကို စက်တင်ဘာလ (၂၇)ရက်နေ့က ရန်ကုန်ရှိ တရုတ်သံရုံးမှာ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ သယံဇာတ၀န်ကြီး ဦးခင်မောင်ရီတို့ တက်ရောက်ခဲ့ကြပါတယ်။
(၅၇)နှစ်အရွယ်ရှိ ဝါရင့်သံတမန် Ms. Ma Jia ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အနေနဲ့ ခန့်အပ်ဖို့ တရုတ်ရဲ့ အဆိုပြုချက်ကို စစ်ကောင်စီဘက်က ဩဂုတ်လ (၁၂)ရက်နေ့မှာ လက်ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။