အောက်တိုဘာလ (၂၉)ရက်။
ဒီကနေ့ လားရှိုးမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နံနက် (၁၂)နာရီလောက်နဲ့ နေ့လယ် (၂)နာရီခွဲလောက်မှာ လားရှိုးက လူနေရပ်ကွက်တွေထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၂)ကြိမ် တိုက်ခိုက်ခဲ့တာပါ” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ လားရှိုးမြို့ရှိ (၁၁)ရပ်ကွက်က ဂေါက်ကွင်းအနီး လူနေရပ်ကွက်နဲ့ ရပ်ကွက်(၁) သာသနာ (၂၅၀၀)ဘုရားကို ပေါင်ချိန်များတဲ့ ဗုံး (၃)လုံး ကြဲချခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံတစ်ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး ဘုရားကျောင်းတွေနဲ့ လျှပ်စစ်ဓာတ်ကြိုးတွေအပြင် အဆောက်အဦအများအပြား ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ အကြိမ်ရေ (၃၀)ထက်မနည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ကာ အရပ်သား ထိခိုက်သေဆုံးတာတွေ မြင့်တက်လာတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။



