အောက်တိုဘာလ (၂၉)ရက်။
အကျဉ်းထောင်တွေထဲ စစ်ကောင်စီက အကျဉ်းသူ/အကျဉ်းသားတွေကို သန်းခေါင်စာရင်းလိုမျိုး အချက်အလက်တွေ ကောက်ယူနေတယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စက်တင်ဘာလထဲကစပြီး နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေက သန်ခေါင်စာရင်းလိုမျိုး အကျဉ်းသား၊ အကျဉ်းသူတွေရဲ့ အချက်အလက်တွေကို ကောက်နေတာ” လို့ ဆိုပါတယ်။
အကျဉ်းသား၊ အကျဉ်းသူတွေဆီကနေ အချက်အလက်ကောက်ယူတာမှာ အမည်၊ အဘအမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာနဲ့ အိမ်ထောင်ရှိမရှိကိုသာ အဓိကမေးမြန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို မေးမြန်းတာမှာ အကျဉ်းထောင် တစ်ခုနဲ့တစ်ခု မတူညီဘဲ အကျဉ်းဉီးစီးဝန်ထန်းတွေကနေတဆင့် မေးမြန်းခဲ့ကြတာလို့ ရေးသားထားပါတယ်။
ဒါ့အပြင် ထောင်ကိုစတင်ရောက်ရှိချိန် ထောင်အဝင်မှာ ကိုယ်ရေးအချက်အလက် (၃၂)ချက်ကို ကောက်ယူထားပြီးဖြစ်တာကြောင့်လဲ ထပ်မံကောက်ယူတဲ့အပေါ် စိုးရိမ်နေကြပါတယ်။
အခုအခါ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ဖို့ သန်းခေါင်စာရင်းကောက်ယူတာတွေကို ပြုလုပ်နေပြီး ထောင်ထဲက အကျဉ်းသားတွေဟာ မဲပေးခွင့်မရှိတာကြောင့် မဲမသမာတာလုပ်မှာ စိုးရိမ်နေပါတယ်။
နောက်ပြီး စစ်ရေးအရ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမှာကိုလဲ စိတ်ပူနေကြတယ်လို့ သိရပြီး တနိုင်ငံလုံးရှိ ထောင်ထဲက အကျဉ်းသားတွေကို ကောက်ယူသွားဖို့ရှိနေတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။