ဇူလိုင်လ (၂၉)ရက်။
သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ပြည်သူ့လုံခြုံရေးကိစ္စတွေအတွက် စတင်တာ၀န်ယူနေပြီလို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လားရှိုးမြို့ရဲ့ ပြည်သူ့လုံခြုံရေးကို အထူးဒေသ(၁) ရဲစခန်းက လုံခြုံရေးအသင်း၀င်တွေက စတင်တာ၀န်ယူလုပ်ဆောင်နေတာလို့ ဆိုပါတယ်။
ဇူလိုင်လ (၂၅)ရက်နေ့ကစပြီး MNDAA ဟာ လားရှိုးမြို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို တာ၀န်ယူလိုက်တာကို ကြေညာခဲ့ပြီး မြို့အုပ်ချုပ်ရေးယန္တရားကို အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီက တာ၀န်ယူတာလို့ ထုတ်ပြန်ထားပါတယ်။
အထူးဒေသ(၁)ရဲတပ်ဖွဲ့အနေနဲ့ လူမှုဖူလုံရေးနဲ့ MNDAA တပ်ဖွဲ့၀င်တွေဟာ ပြည်သူ့လုံခြုံရေးအတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ MNDAA က လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ ထုတ်ပြန်တာမှာ လုံခြုံရေးအသင်း၀င်တွေက မြို့ထဲ ကင်းလှည့်တဲ့ဓါတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။
ဒါ့အပြင် MNDAA အနေနဲ့ လားရှိူမြို့မှာ လုံခြုံရေးတပ်ဖွဲ့၀င်တွေ ဖြန့်ချက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့၀င် အကြွင်းအကျန်တွေကို ရှင်းထုတ်ဖို့ စစ်ရေးစစ်ဆင်ရေးတွေ ဆက်လက်ဆင်နွှဲနေတယ်လို့ အသိပေးထားပါတယ်။
ဇူလိုင်လ (၂၇)ရက်နေ့ နံနက်ပိုင်းကလဲ လားရှိုးမြို့ ဆင်တောင်ထိပ်မှာတည်ရှိတဲ့ စစ်ကောင်စီရဲ့ အသံလွှင့်ကုန်းမြင့်စခန်းကို MNDAA က သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။