စက်တင်ဘာလ (၃၀)ရက်။
ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ကြည့်မြင်တိုင်မြို့ရှိ အလတ်ချောင်းနဲ့ စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့မှာ ပေါက်ကွဲတာတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ နေ့လယ် (၁၂)နာရီလောက်က အလတ်ချောင်းရပ်ကွက်ရုံး ဗုံးပေါက်တာ။ အလတ်ချောင်းရပ်ကွက်ရုံး ပေါက်ကွဲတာမှာ (၇)ဦး ဒဏ်ရာရတယ်။ နောက်ပြီး စက်ဆန်းရပ်ကွက်ရုံး ပေါက်ကွဲတာမှာ (၄)ဦး ဒဏ်ရာရခဲ့တယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
ကြည့်မြင်တိုင်မြို့ရှိ အလတ်ချောင်းရပ်ကွက်ရုံး ပေါက်ကွဲတဲ့ဖြစ်စဉ်ဟာ ရေဘေးအလှူပေးပို့တဲ့ ဆန်အိတ်ထဲကနေ ပေါက်ကွဲခဲ့တာဖြစ်ပြီး စမတ်ကဒ်လာရောက်ပြုလုပ်သူ (၇)ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေက ဖော်ပြထားပါတယ်။
နောက်ပြီး စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခွဲမှာလဲ ဆီပုံးတွေကြားကနေ ဗုံးပေါက်ကွဲတာ ဖြစ်ပွားခဲ့ပြီး အမျိုးသား (၃)ဦးနဲ့ အမျိုးသမီး (၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဗုံးပေါက်ကွဲတာတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို အမှတ်(၂) စစ်ဆေးရုံ (ကုတင်-၅၀၀)ကို အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ ပို့ဆောင်ထားပြီး သူတို့ထဲက အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဗုံးပေါက်ကွဲတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့၀င်တွေဟာ ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး သဗ္ဗာန်ဆိပ်တို့ကို အစစ်အဆေး တင်းတင်းကျပ်ကျပ် ပြုလုပ်ခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။