စစ်ကောင်စီဘက်က (၁၀)ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့
အောက်တိုဘာလ (၃၀)ရက်။
အောက်တိုဘာလ (၂၈)ရက် နေ့လယ် (၁၂)နာရီခွဲအချိန်က အမ်းမြို့ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ငဖဲမြို့ အမ်း-ပဒါန်းလမ်းပိုင်းမှာ အမ်းမြို့ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ယာဉ်တန်းကို သတင်းအတိအကျရတာကြောင့် ကားလမ်းမဘေး စပ်စီရွာအနီးက ၀က်စာကျင်းလမ်းဆုံမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
အမ်းမြို့ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကား (၂)စီးနဲ့ ဆိုင်ကယ် (၂)စီးပါ ယာဉ်တန်းကို ငဖဲမြို့၊ အမ်း-ပဒါန်းကားလမ်းမဘေး စပ်စီရွာအနီးရှိ ဝက်စာကျင်းလမ်းဆုံမှာ သတင်းရရှိတာကြောင့် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး မိနစ်(၃၀)ကြာမြင့်ခဲ့ကာ စစ်ကောင်စီဘက်က (၁၀)ဦးခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အဲ့ဒီစစ်ကောင်စီယာဉ်တန်းကို ACDF နဲ့ မင်းဘူးခရိုင်တပ်ရင်း(၂)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားချက်အရ သိရပါတယ်။