ဇူလိုင်လ (၃၁)ရက်။
မနေ့က ညပိုင်းအချိန်မှာ မင်္ဂလာဒုံမြို့ရှိ စစ်ကောင်စီဂိတ်စခန်းနဲ့ လှည်းကူးမြို့ရှိ စစ်မှုထမ်းဟောင်းရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
လှည်းကူးမြို့ရှိ ရန်ကုန်-ပဲခူးလမ်းမပေါ်က စစ်မှုထမ်းဟောင်းရုံးနဲ့ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာရပ်ကွက်၊ အမှတ် (၃)လမ်းမပေါ်က ခလရ(၈၂)ဂိတ်စခန်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်တွေဘက်က ထိခိုက်တာတွေရှိခဲ့ပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကာ တော်လှန်ရေးရဲဘော်တွေ ဘေးကင်းရာနေရာကို ရောက်ရှိနေပြီလို့ ဖော်ပြထားပါတယ်။
Operation Flame(OF)အနေနဲ့ ရန်ကုန်မြို့ပြတော်လှန်ရေးမဟာမိတ်တွေအားလုံးနဲ့အတူ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် မြောက်ပိုင်းညီနောင်(၃)ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းကို အပြည့်အ၀ထောက်ခံပြီး ရန်ကုန်မြို့ပြစစ်ဆင်ရေးကို ဟန်ချက်ညီ ဖော်ဆောင်သွားမယ်လို့ ကြေညာထားချက်အရ သိရပါတယ်။