ဩဂုတ်လ (၃၁)ရက်။
ရန်ကုန်တိုင်းထဲရှိ စည်ပင်နယ်နိမိတ်ထဲက မြို့နယ် (၃၁)မြို့နယ်ကို ညမထွက်ရအမိန့် စစ်ကောင်စီက ထပ်မံသတ်မှတ်လိုက်တယ်လို့ အခုရက်ပိုင်းမှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်တဲ့ မြို့နယ် (၃၁)မြို့နယ်ထဲ ဆိပ်ကြီးခနောင်တိုနဲ့ ဒလမြို့တို့ မပါ၀င်ဘဲ ကျန်တဲ့ စည်ပင်နယ်နိမိတ်ထဲက မြို့နယ်တွေကို ပုဒ်မ (၁၄၄)အရ သတ်မှတ်တာလို့ ဆိုပါတယ်။
အခု စစ်ကောင်စီ ထုတ်ပြန်တဲ့ ညမထွက်ရအမိန့်ဟာ မနက် (၁)နာရီကနေ (၃)နာရီအထိ သတ်မှတ်ထားတာဖြစ်ပြီး အဲ့ဒီအထဲမှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာလဲ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းတာမရှိဘူးလို့ ဖော်ပြထားပါတယ်။
အခုထပ်မံထုတ်ပြန်လိုက်တဲ့ ညမထွက်ရအမိန့်နဲ့ပတ်သက်ပြီး နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ချက်ထဲ ပြောဆိုထားပါသေးတယ်။
စစ်ကောင်စီက ရန်ကုန်တိုင်းထဲရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)တို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားတာပါ။
အခုထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အောက်တိုဘာလထဲမှာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တဲ့အတိုင်း စစ်ကောင်စီက ထပ်မံထုတ်ပြန်ထားတာဖြစ်တယ်လို့ သိရပါတယ်။