ဩဂုတ်လ (၃၁)ရက်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရသူတွေထဲ ပါတီ၀င် (၂၁၈၁)ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် (၁၄၅)ဦးရှိတယ်လို့ HRDT-NLD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ လွှတ်တော်ကိုယ်စားလှယ် (၁၉၉)ဦးနဲ့ ပါတီ၀င် (၂၄၉)ဦး စုစုပေါင်း အဖွဲ့ချုပ်အဖွဲ့၀င် (၄၄၈)ဦးရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်ခဲ့ပြီး နစ်နာဆုံးရှုံးမှုပေါင်း (၅၆၂)ခုရှိတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ရန်ကုန်ရှိ NLD ဗဟိုအဖွဲ့ချုပ်ရုံးကို (၃)ကြိမ်၊ တိုင်းနဲ့ပြည်နယ်ရုံးတွေကို (၁၅)ကြိမ်၊ ခရိုင်ရုံးတွေကို (၆)ကြိမ်၊ မြို့နယ်ရုံးတွေကို (၁၁၃)ကြိမ်နဲ့ ရပ်/ကျေးရုံးတွေကို (၂၈)ကြိမ် ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့အထိ ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရတဲ့အထဲ ပါတီ၀င်လွှတ်တော်ကိုယ်စားလှယ် (၂)ဦးနဲ့ ပါတီ၀င် (၁၀၇)ဦး စုစုပေါင်း (၁၀၉)ဦး ပါ၀င်တယ်လို့ ရေးသားထားပါတယ်။
စစ်အာဏာရှင်အောက် ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှုပြန်ရဖို့ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့(HRDT-NLD)အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို မှတ်တမ်းတင်ကောက်ယူနေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးခဲ့တဲ့ အရပ်သား (၆၉၀)ဦးနဲ့ ဒဏ်ရာရသူ (၅၇၃)ဦးရှိပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် အရပ်သား (၆၆၀)ဦးသေဆုံးကာ (၁၇၃၂)ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။