အောက်တိုဘာလ (၃၁)ရက်။
မနေ့က နံနက်ပိုင်းအချိန်က နေပြည်တော်မှာ တာဝန်ပြီးဆုံးတာကြောင့် ပြန်တော့မယ့် လာအိုသံအမတ် နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နှစ်ဖက်တွေ့ဆုံပွဲထဲ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်တာတွေ တိုးတက်တဲ့အခြေအနေနဲ့ အပြန်အလှန် ကူညီပေးဖို့အပါအဝင် ပူးပေါင်းဆောင်ရွက်တာတွေ မြှင့်တင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းပျံသန်းနေတာအပါအဝင် အပြန်အလှန် ကုန်သွယ်မှုတွေ မြှင့်တင်နိုင်တဲ့ အခြေအနေတွေနဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်တာမှာ ပူးပေါင်းဆောင်ရွက်နေတာတွေကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲတဲ့ အခြေအနေတွေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်နေတဲ့ အခြေအနေတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တွေ့ဆုံချိန် ရှင်းလင်းပြောဆိုခဲ့တယ်လို့ ရေးသားထားပါတယ်။
လာအိုသံအမတ်နဲ့ တွေ့ဆုံပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ တွဲဖက်အတွင်းရေးမှူး ရဲဝင်းဦးအပြင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
တာဝန်ပြီးဆုံးတာကြောင့် ပြန်တော့မယ့် လာအိုသံအမတ်နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ချိန်မှာလဲ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတို့မှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။