ဧပြီလ (၁)ရက်။
အင်အားအလွန်ကြီးမားတဲ့ စစ်ကိုင်းငလျင်ကြောင့် အတည်ပြုနိုင်တဲ့ သေဆုံးသူဦးရေဟာ ဒီကနေ့အချိန်အထိ (၂၃၉၅)ဦးအထိရှိပြီလို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကိုင်းငလျင်ဘေးကြောင့် တိုက်ရိုက်ထိခိုက်ခံစားခဲ့ကြရတဲ့ လူဦးရေဟာ စုစုပေါင်း (၈၅၆၂၅၅၅)ဦးခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ နေပြည်တော်နဲ့ မန္တလေးမြို့ပေါ်ရှိ နေရာအချို့မှာသာ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်နိုင်တာကြောင့် ထိရောက်စွာ မဆောင်ရွက်နိုင်တဲ့ အခြားမြို့နယ်များစွာ ကျန်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
လျှပ်စစ်မီး၊ အင်တာနက်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ဆက်လက်ကြုံတွေ့နေရပြီး ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးရွာနိုင်တဲ့အတွက် ယာယီနေထိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး စားသုံးကုန်တွေနဲ့ လောင်စာဆီပြတ်လပ်တာတွေနဲ့ ဈေးနှုန်းတွေ ကြီးမြင့်တာကြောင့် ဘေးသင့်ဒေသတွေမှာ ထောက်ပံ့ပစ္စည်းတွေ ဝယ်ယူပို့ဆောင်နိုင်ဖို့ စိန်ခေါ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ငလျင်ဖြစ်ပြီးနောက်ပြီး မန္တလေးရှိ မြို့နယ်အချို့ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လုံခြုံရေးဆိုင်ရာအန္တရာယ်တွေ ကြုံနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်က သင်္ဘောတွေနဲ့ ကုန်ကားတွေကို စစ်ဆေးတာအပြင် ဖြတ်သန်းခွင့်ပိတ်တာကြောင့်လဲ အရန်ရိက္ခာ ပြန်လည်ဖြည့်တင်းနိုင်တာ မရှိတဲ့အတွက် စားနပ်ရိက္ခာပြတ်တောက်တာ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။
