ဩဂုတ်လ (၁)ရက်။
အရင်က စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ ခန့်အပ်ခံထားရသူတွေကို အသစ်ဖွဲ့လိုက်တဲ့ ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့မှာ တာဝန်ပေးထားခဲ့တယ်လို့ ကာ/လုံရုံးရဲ့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့ဆိုပြီး (၁၅)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ အဲ့ဒီအထဲ အရင်က စစ်ဘက်ရာထူးမရှိတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အခုအသစ်ဖွဲ့စည်းလိုက်တဲ့ ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့မှာ ဦးစောထွန်းအောင်မြင့်ကို အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ပေးထားပါတယ်။
နောက်ပြီး အဖွဲ့ဝင်တွေအနေနဲ့ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒေါက်တာမောင်မောင်နိုင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ဦးဝဏ္ဏမောင်လွင်၊ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်နဲ့ ခွန်စံလွင်တို့ဖြစ်ပါတယ်။
(၆)လတကြိမ် အရေးပေါ်ကာလသက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီဟာ အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်တာကြောင့် သက်တမ်းဆက်မတိုးတော့ဘဲ အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာပါ။
ဒါ့အပြင် စစ်အုပ်စုက ရွေးကောက်ပွဲကော်မရှင်ကိုလဲ ပြင်ဆင်ဖွဲ့စည်းတာတွေ ပြုလုပ်ခဲ့ပြီး အရင်က ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ကိုဖယ်ရှားကာ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဦးသန်းစိုးကို ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုဟာ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဦးစီးအဖွဲ့တွေ ဖွဲ့စည်းတာ၊ ဒုဝန်ကြီးတွေ ဖွဲ့စည်းတာတွေကိုလဲ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
