ဩဂုတ်လ (၂)ရက်။
ဒီကနေ့ နံနက် (၈)နာရီကျော်အချိန်က မိုးကုတ်မြို့အနောက်ပိုင်း လူနေရပ်ကွက်ကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ မိုးကုတ်မြို့အနောက်ပိုင်း ဦးရွှေမောင်းဆိုင်ရှေ့ လမ်းပေါ်ကို လေကြောင်းကနေ ဗုံး(၂)လုံး ကြဲချသွားတာ။ လူထိခိုက်သေဆုံးတာတွေ တော်တော်များတယ်။ ဒဏ်ရာရသူတွေထဲမှာ သေဆုံးဦးရေ ထပ်တိုးနိုင်တယ်” လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ မိုးကုတ်မြို့အနောက်ပိုင်းရှိ ဦးရွှေမောင်းဆိုင်ရှေ့ လမ်းမပေါ်ကို လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးတာတွေ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ နေ့လယ်ပိုင်းအချိန်အထိ ကလေးငယ်တွေအပါအဝင် သေဆုံးသူ (၁၃)ဦးရှိခဲ့ပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို သေဆုံးသူဦးရေ ထပ်တိုးလာနိုင်တယ်လို့ ဒေသထဲသတင်းတွေက ရေးသားထားပါတယ်။
နောက်ပြီး လေကြောင်းဗုံးကြဲခံရတာကြောင့် နေအိမ်အဆောက်အအုံတွေနဲ့ ယာဉ်အချို့ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ကာ TNLA ဘက်ကတော့ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။
စစ်အုပ်စုက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ် (၆၃)မြို့ထဲ မိုးကုတ်မြို့လဲ ပါဝင်ကာ အဲ့ဒီမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုလုပ်လာနိုင်တဲ့အတွက် သတိထားနေထိုင်ဖို့ အသိပေးတာတွေရှိတယ်လို့ သိရပါတယ်။



