ဒီဇင်ဘာလ (၂)ရက်။
ဒီဇင်ဘာလ (၁)ရက်နေ့က စစ်တပ်ရဲ့ လွတ်ငြိမ်းနဲ့ အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဂာ အကျဉ်းထောင် (၁၁)ခုကနေ လွတ်မြောက်လာပြီး အများဆုံးက သာယာဝတီအကျဉ်းထောင်ကဖြစ်တယ်လို့ ဆိုပါတယ်။
သာယာဝတီထောင်ကနေ နိုင်ငံရေးအကျဉ်းသား (၇၇)ဦးနဲ့ အကျဉ်းသူ (၆)ဦးဖြစ်ပြီး ဒိုက်ဦးထောင်က (၅၀)ဦး၊ အိုးဘိုထောင်က (၄၂)ဦးနဲ့ အင်းစိန်ထောင်က (၃၂)ဦးတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ခဲ့တဲ့ ထောင်တွေဟာ သရက်ထောင်၊ ကလေးထောင်၊ ရမည်းသင်းထောင်၊ ထားဝယ်ထောင်၊ ပြည်ထောင်၊ မကွေးထောင်နဲ့ မြင်းခြံထောင်တို့ ပါဝင်တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အိုးဘိုထောင်မှာ စစ်တပ်က ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးခံထားရသူ (၁၀၀၀)ကျော်ရှိပေမယ့် နိုဝင်ဘာလ (၂၇)ရက်နေ့ လွတ်ငြိမ်းမှာတော့ (၂၃၂)ဦးသာ လွတ်မြောက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၂၀၀၀၀)ကျော် ကျန်ရှိနေပါသေးတယ်။
စစ်တပ်ဟာ မတရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးထားသူတွေအပါအဝင် အမှုဖွင့်ခံရပြီး ထွက်ပြေးတိမ်းရှောင်သူ စုစုပေါင်း (၈၀၀၀)ကျော်ကို လွတ်ငြိမ်းပေးခဲ့တာလို့ သိရပါတယ်။








